Friday 30 January 2015

ကန္တာရ ... မိုး


ငါဟာ .. ငါ့သဘာဝအတိုင်း
လေနှင်ရာကို လွင့်ပျံရင်း ...
တစ်ခုသော ကန္တာရကိုအဖြတ်
လွင်ပြင်ကို ငုံ့အကြည့်မှာ ..
ငါ့ခြေလှမ်းတွေရပ်သွားခဲ့ရတယ်
လှလိုက်တဲ့ ကန္တာရနှင်းဆီရိုင်းပန်းလေး
ငါစိတ်ဝင်တစား ရပ်ကြည့်နေမိတယ် ....
.
အိုး ... မင်းရှေ့မှာ မင်းနှလုံးသားကစီးကျနေတဲ့
မျက်ရည်တွေနဲ့ရေကြည်တွင်းလေး ....
ငါငေးကြည့်ဆဲမှာပဲ ခရီးသွားတစ်ချို့ရောက်လာကြတယ် ...
မင်းရှေ့ကအေးမြတဲ့ရေကြည်တွေကို
 သောက်သုံးသယ်ဆောင်ကြတယ် ...
နှင်းဆီနက်လေး မင်းက ပြုံးပြီး
လက်ကလေးနှစ်ဖက်ဆန့်တန်းလို့
ကန္တာရထဲက မင်းကို ခေါ်သွားဖို့
တောင်းပန်နေရှာတယ်လေ ..
.
ဒါပေမယ့် သူတို့က မင်းရဲ့နှလုံးသွေးနဲ့
မင်းကို ရေလောင်းပေါင်းသင်ပြီးနှုတ်ဆက်သွားကြတယ်  ...
မင်းကမျက်ရည်တွေနဲ့ပြုံးလျှက်ပဲ လက်ပြ ကျန်ခဲ့တယ်။
နောက် သက်ပြင်းလေးချပြီး ..
ကန္တာရနွေနေပူမှာ အဝေးကိုမျော်ငေးလို့
မင်းအတွက်အဖော်ကို မျှော်နေရှာခဲ့တယ် ...။
.
ငါဆို့နင့်စွာ ... မင်းအပေါ်အငြိုးကြီးစွာကျနေတဲ့
နေမင်းရဲ့အပူဒါဏ်ကို ... ငါ့ကိုယ်နဲ့
အလိုလို ဖြန့်ကျက် ကာကွယ်ပေးမိခဲ့တယ်
မင်းကိုယ်ပေါ်အရိပ်လေးကျလာတာသိလို့
မော့ကြည့်ပြီး ပြုံးပြလာတဲ့ မင်းလေးပျော်အောင်
ငါ့နှလုံးသားကို အရည်ဖျော်ပြီး ကန္တာရမိုးလေးအဖြစ်
မင်းကိုယ်ပေါ်ရွာသွန်းပေးလိုက်မိတယ်။
.
မင်းလေးသိတ်ပျော်လွန်းလို့
ငါ့ကိုမော့ကြည့်ပြီး မိုးစက်တွေကြားထဲ
ကြည်နူးကခုန်နေတာ ကိုကြည့်ပြီး
မင်းရဲ့ အထီးကျန်လွန်းတဲ့ ဘ၀လေးကို
ငါမြတ်နိုးစွာ ထာဝရ
ထွေးပွေ့ထားချင်မိလာတယ် ...
 .
 ဒါပေမယ့် ကောင်မလေးရယ်
ငါ့လို အညတြ တိမ်တမန် တစ်ယောက်က
ငါ့ကိုယ်ငါမပိုင်ဘူးလေ
မိုးနတ်နဲ့လေနတ်မင်းစေရာ
အချိန်တန်လွင့်ပျံရမှာပါ
.
ဒါပေမယ့်
ငါထွက်သွားမယ့်အချိန်မှာ
မင်းလက်လေးနှစ်ဖက်ဆန့်တန်းလို့
ငါ့အရိပ်လေးပျောက်သွားတဲံအထိ
မျက်ရည်တွေနဲ့ ကောင်းကင်ကငါ့ကို
မော့ကြည့်နေမယ့် မင်းလေးအဖြစ်ကို
တွေးမိပြီး ရင်နာနေမိတယ်
ကောင်မလေးရေ ...။
.
Autumn ( 30 . 1 . 2015 )

No comments:

Post a Comment